Sunday, November 27, 2011

ချစ်သူတွေ ဘာကြောင့် လှနေရတာလဲ

Beauty is the lover's gift.
William Congreve
အလှဆိုတာ ချစ်သူပေးတဲ့ လက်ဆောင်ပါပဲ။
ဝီလျံကွန်ဂရီ
အလှတရားကို လူသားတိုင်း မြတ်နိုးကြပါတယ်။ အလှတရားဆိုတာ ဘာပါလိမ့်။ နှစ်လိုဖွယ်ဖြစ်ခြင်း ကို လှတယ်လို့ တချို့ကပြောကြ တယ်။ ရိုးဖြောင့်ခြင်းကိုအလှလို့ တချို့က ပြောကြတယ်။ စာနာခြင်းကို တချို့ က အလှလို့သတ်မှတ်ကြ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလှ တရားနဲ့ အချစ်ဆိုတာက ဒွန်တွဲ နေတယ်ဆိုတာကတော့ ငြင်းလို့မရ ပါဘူး။ြွေကကျလာတဲ့ သစ်ရွက်က လေးမှာ အလှတရားရှိသလို ဝေဆာနေတဲ့ ပန်း ကလေး တစ်ပွင့်မှာလည်း အလှတရားရှိပါတယ်။ တသွင်သွင် စီးဆင်းနေတဲ့ စမ်းချောင်းကလေးမှာ အလှတရားရှိသလို လှိုင်းကြက် ခွပ်ကလေးတွေ လူးလွန့်နေတဲ့ ကန်ရေပြင်မှာလည်း အလှတရားရှိ ပါတယ်။
တိမ် တိုက်တွေမှာ အလှတရားရှိသလို မိုးစက်မိုးပေါက်တွေမှာလည်း အလှတရားရှိပါတယ်။ ထူးခြားတာက အချစ်ဟာ ရှိရင်းစွဲ အလှတရားတွေကို ပိုပြီးလှသွားစေသလို မလှသေးတာတွေကိုလည်း လှလာစေပါတယ်။ ပါးချိုင့်လေးနှစ်ဖက်နဲ့ ပြုံးလိုက်ရင် ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ချစ်သူရဲ့ မျက်ဝန်း ထဲမှာ ပိုလှသွားမှာပါပဲ။ ဆံပင်ရှည်ရှည်၊ ဖြောင့်ဖြောင့် စင်းစင်းနဲ့ မိန်းကလေး တစ်ယောက်ကို သူ့ချစ်သူက ဆံပင်လေးတွေက လှလိုက်တာလို့ အမှတ်ပေးမှာဖြစ်သလို ဆံပင် ကောက်ကောက်လိမ်လိမ်နဲ့ မိန်းကလေးတစ်ယောက်ကိုလည်း သူ့ချစ်သူက ဆံပင်လေးတွေက ကောက်ကောက်လေးနဲ့ ကြည့် ကောင်းတယ် လို့ပြောမှာပါပဲ။ တစ်ခုစိတ်ဝင်စားစရာကောင်းတာက အချစ်မရှိဘဲနဲ့ အလှတရား မပေါက်ဖွားနိုင်ဘူးဆိုတာပါပဲ။ နတ်သမီးတမျှ ချောမောလှပနေပေမယ့် အဲဒီ မိန်းကလေးအပေါ် ထားရှိတဲ့ ချစ်ခြင်းမရှိရင် လှပတယ် လို့ သတ်မှတ်ရှုမြင်မှာ မဟုတ်ပါ ဘူး။ ချစ်သူရဲ့ အပြုံးမှာ အလှရှိသလို ချစ်သူရဲ့ အကြည့်မှာ အလှရှိပါတယ်။ ဒီလို စဉ်းစားကြည့်ရအောင်ပါ။ ကမ္ဘာပေါ်မှာရှိတဲ့ ချစ်သူတိုင်းဟာ လှပကြပါရဲ့လား။
အဖြေကတော့ အဲဒီထဲမှာ ချောမောသူတွေရှိတယ်။ အသက်ကြီးတဲ့သူတွေရှိတယ်။ အသက်ငယ်တဲ့သူတွေရှိတယ်။ အရုပ်ဆိုးသူတွေရှိတယ်။ မသန်စွမ်း သူတွေရှိတယ်။ အဲဒါကြောင့် အကုန်လုံးမလှပကြပါဘူး။ ဒါပေမဲ့ သူတို့ချစ်သူတွေရဲ့ မျက်ဝန်းတိုင်း မှာ သူတို့တွေလှပကြပါတယ်။ အချစ်ဟာ အံ့ဩစရာကောင်း တဲ့ ခံစားချက်တွေကို လူသားတွေ ရဲ့ နှလုံးသားထဲမှာ ဖြစ်တည်စေပါ တယ်။ အချစ်မရှိသူရဲ့ နှလုံးသား ဟာ အလှတရားကို နားလည်ခံစားဖို့ သိပ်မလွယ်ကူပါဘူး။ အချစ်ကို နား မလည်သူတစ်ယောက်က ဒီလိုတွေး လိမ့်မယ်။ “ကောင်မလေးက အသား ညိုလိုက်တာ၊ အရပ်ကလည်း ပု တယ်။ သူ့ဘေးနားက ကောင်လေး ကတော့ အသားကလည်းဖြူတယ်၊ အရပ်လည်းမြင့်တယ်။ သူတို့နှစ် ယောက် မလိုက်ဖက်လိုက်တာ” လို့။ တကယ့် ကာယကံရှင်ချစ်သူနှစ် ယောက်ကြားမှာတော့ အသားဖြူတာ၊ ညိုတာ၊ အရပ်မြင့်တာ၊ ပုတာ တွေက အရေးမပါတော့ပါဘူး။ မိတ်ကပ်လိမ်း နှုတ်ခမ်းနီဆိုး ပြီး အလှတွေပြင်ထားတဲ့ မိန်းက လေး တစ်ယောက်သာ လှတာမ ဟုတ်ပါဘူး။ မပြုမပြင် နဂိုယဉ်ဆို သလို သနပ်ခါးကျဲလေးလိမ်းပြီး ခြယ်သမှုကင်းတဲ့ မိန်းကလေး လည်း လှတာပါပဲ။ နောက်ဆုံးပေါ် အလှကုန်ပစ္စည်းတွေသုံးတဲ့ မိန်းက လေးမှ လှတာမဟုတ်ပါဘူး။ နယ် မြို့လေးတစ်မြို့မှာ နေထိုင်တဲ့ မိန်း ကလေးမှာလည်း အလှတရားဖြစ် တည်နိုင်ပါတယ်။ တခြားသူရဲ့မျက်ဝန်းနဲ့ကြည့် ရင် နီဂရိုးတွေဟာ ဘယ်လိုလုပ်ပြီး လှပါ့မလဲ။ ဒါပေမဲ့ နီဂရိုးအချင်း ချင်းကြားမှာတော့ သူတို့ချစ်သူဟာ ကမ္ဘာပေါ်မှာအလှဆုံးပေါ့။ ပါးရဲ ထိုးထားတဲ့ ချင်းအမျိုးသမီးလေး တစ်ယောက်ဟာ လှပနေသလို ပဝါခြုံထားတဲ့ မြန်မာ အမျိုးသမီး လေးတစ်ယောက်ကလည်း လှပ နေမှာပါပဲ။ အလှတရားမှာ လူမျိုး၊ ဘာသာ၊ အသက်အရွယ်ဆိုတဲ့ ကန့်သတ်ချက်တွေမရှိပါဘူး။ “လှလို့ချစ်တာမဟုတ် .. ချစ်လို့လှတာပါ”ဆိုတဲ့ သီချင်းစာသားကို စာဖတ်သူတို့ကြားဖူးကြ မှာပါ။ လှမှသာချစ်သူဖြစ်ရစတမ်း ဆိုရင် မင်းကုသလို ရုပ်ဆိုးတဲ့ ယောကျာ်းတစ်ယောက်ဟာ ပပဝတီလို အင်မတန်မှ ချောမောလှပတဲ့ မိန်းမပျိုတစ်ယောက်နဲ့ ချစ် သူဖြစ်စရာ အကြောင်း မရှိတော့ ဘူးပေါ့။ နှလုံးသားထဲက အခြေ တည်လာတဲ့ ချစ်ခြင်းမေတ္တာဟာ အရုပ်ဆိုး အကျည်းတန်မှုတွေကို ဖျောက်ဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။ တစ်ခါတုန်းက အကြောင်းအရာတစ်ခုကို သွားတွေးမိပါတယ်။ ကျွန်မသူငယ်ချင်း ယောကျာ်းလေး တစ်ယောက်ရှိပါတယ်။ မန္တလေးတက္ကသိုလ်၊ အင်္ဂလိပ်စာမေဂျာမှာ ဂုဏ်ထူးတန်း တက်နေတဲ့ ကျောင်းသားတစ်ယောက်ပေါ့။ သူက အသားဖြူဖြူ၊ အရပ်မြင့်မြင့်၊ မေးရိုး ကားကားနဲ့ တကယ့်ကို ယောကျာ်း ပီသတဲ့သူပေါ့။ စာတော်သလို အပြောကလည်းကောင်း၊ တစ်ဖက်ကလည်း ဘောလီဘော ချန်ပီယံဆိုတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပေါ့။ သူ့ကိုစိတ်ဝင်စားနေတဲ့ မိန်းကလေးတွေ အများကြီးရှိတယ်ဆိုတာ သူသိပါတယ်။ သူ့ဘက်ကတော့ ဘယ်သူနဲ့မှ သိပ်ပြီး ရင်းရင်းနှီးနှီး မရှိခဲ့ပါဘူး။
တစ်နေ့မှာတော့ ကောင်မ လေးတစ်ယောက်နဲ့အတူတူ Ruby လက်ဖက်ရည်ဆိုင်မှာ ရင်းရင်းနှီးနှီး ပုံစံနဲ့တွေ့ရလို့ ကျွန်မအံ့ဩသွားခဲ့ ရပါတယ်။ သူက ကျွန်မကို မြင်မြင် ချင်း သူတို့ဝိုင်းကိုခေါ်ပြီး “ပန်းပွင့် သူ့နာမည်က ကြူကြူတဲ့၊ ငါ့ကောင် မလေးလေ”လို့ မိတ်ဆက်ပေးပါ တယ်။ သူ့ကောင်မလေးက အသား ညိုညို၊ အရပ်ပုပုနဲ့ တကယ့်ကို သာမန်ရွက်ကြမ်းရေကျိုရုပ်ပါ။ ပထဝီမေဂျာကလို့သိရပါတယ်။ နောက်မှ ကျွန်မသူငယ်ချင်းက “လူတွေက သူနဲ့ငါ့ကို မလိုက်ဘူးလို့ ပြောကြတယ်။ ဒါပေမဲ့ ငါကဖြူစင် ရိုးသားတဲ့ သူ့စိတ်ကို ချစ်တာဟ။ စိတ်ကလှတော့ ရုပ်ကပါ ငါ့မျက်လုံး ထဲမှာ အလိုလိုလှလာတယ်” လို့ရှင်း ပြပါတယ်။ သူပြောတာကို ကျွန်မ လက်ခံပါတယ်။ တကယ်တော့ စိတ်လှဖို့ဆိုတာ အားလုံးထက်ပိုပြီး အရေးကြီးတဲ့ အလှတရားပဲ မဟုတ် လား။ လူတိုင်းမှာ ချစ်သူကနေပေး အပ်တဲ့ “အလှတရား” ဆိုတဲ့ လက်ဆောင်ရှိပါတယ်။ အဲဒီလက် ဆောင်ကို တမြတ်တနိုး လက်ခံရယူ ရမှာက ချစ်သူတွေရဲ့ တာဝန်ပဲလို့ ပြောပါရစေလား။
ပန်းပွင့်ကဗျာ
source: 8 Days Journal

No comments:

Post a Comment